News

လမ်းမတွေပေါ်မှာပြေးလွှားနေကြတဲ့ Mazda နောက်ထွက်မော်ဒယ်ကားလေးတွေကို မြင်ဖူးကြပါလိမ့်မယ်။ ဒီဇိုင်းပိုင်းနဲ့ ကိုယ်ထည် အချိုးအဆစ်တွေက တစ်မူထူးခြားနေသလို သူတိုရဲ့ Trade Mark အရောင်ဖြစ်တဲ့အနီရောင် (Soul Red Crystal Metallic)


လမ်းမတွေပေါ်မှာပြေးလွှားနေကြတဲ့ Mazda နောက်ထွက်မော်ဒယ်ကားလေးတွေကို မြင်ဖူးကြပါလိမ့်မယ်။ ဒီဇိုင်းပိုင်းနဲ့ ကိုယ်ထည် အချိုးအဆစ်တွေက တစ်မူထူးခြားနေသလို သူတိုရဲ့ Trade Mark အရောင်ဖြစ်တဲ့အနီရောင် (Soul Red Crystal Metallic) ကလည်း Sexy ကျ လှတာကို သတိထားမိကြမှာပါ။ ဒါတွေက Mazda ရဲ့အအောင်မြင်ဆုံးတီထွင်ဆန်းသစ်မှုနည်းပညာတစ်ခုဖြစ်တဲ့ KODO design (Soul Of Motion) ကြောင့်ပဲဖြစ်ပါတယ်။ KODO design ဆိုတာ သားရဲတစ်ကောင်ရဲ့စွမ်းအင်နဲ့ လှပကျော့ရှင်း တဲ့ပြေးလွှားဟန်အတိုင်း ပုံစံယူဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ ပြီးတော့ ကားကိုယာဉ်မောင်းနဲ့ တစ်သားတည်းကျလာ အောင် ဆိုရရင် harmony ဖြစ်ဖို့ အထူးအလေးထားပြုလုပ်ပေးထားတာဖြစ်ပါတယ်။ လက်ရှိ Mazda မှာအကြိုက်ဆုံးအရာကိုပြောပါဆို စာရေးသူကတော့ KODO design နဲ့ Skyactiv Technology တွေလို့ဆိုရပါလိမ့်မယ်။ ဒီနှစ်ခုရဲ့အနှစ်သာရပေါ်လွင်နေတဲ့ ကားတစ်စီးကို စိတ်ကြိုက်စမ်းသပ်မောင်းနှင်ခွင့် ရရှိခဲ့ပါတယ်။ဒီကားကတော့ Mazda CX-5 (The Next Generation) ပဲဖြစ်ပြီး သူ့မှာဘာတွေပါဝင်တယ်။ ဘယ်လို ထူးခြားတယ်။ မောင်းနှင်ရတဲ့ အပိုင်းတွေကို ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အပြင်ဘက်ပိုင်း

လူ ၅ ယောက်စီး Compact Crossover အမျိုးအစားဖြစ်တဲ့ Mazda CX-5 ကို၂၀၁၃ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး KODO design ကိုပထမဆုံး အသုံးပြုခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ပထမမျိုးဆက်ရုပ်ထွက်ပိုင်းက ကျားရဲတစ်ကောင်လို (သို့) ခပ်မိုက်မိုက်ကောင်လေးတွေလို ကြမ်းကြမ်းရမ်းရမ်းပုံစံမျိုးပေါက်နေပါတယ်။ ဒါပေမဲ့ အခု The Next Generation မှာတော့ ပုံစံ အနည်းငယ်ပြေပြစ်သွားတာကို တွေ့ရပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ဇကာကွပ်တွေအလယ်မှာ Mazda logo ပါဝင်ပြီး အောက်ပတ် ပတ်လည်ကို Chrome တွေနဲ့ ပတ်ပတ်လည်ဝန်းရံပေးထားပါတယ်။ ပြီးတော့ ဒီChromeတွေက ရှေ့မီးကြီးအောက်နား ထိသွား ရောက်ပေါင်းစုံတန်ဆာဆင်ပေးထားပါတယ်။ နောက်ပြီးသူ့ရဲ့ဒီဇိုင်းကိုပိုပြီးပြေပြေပြစ်ပြစ်ဖြစ်သွားစေတာက ယာဉ်နဲ့အတူလိုက်ပါ ကွေ့ပေးနိုင်တဲ့အပြင် Autoဖွင့်ပိတ်ပေးနိုင်တဲ့Adaptive LED Headlights တွေပါဝင်လာခြင်းကြောင့်လည်းဖြစ်ပါတယ်။ အောက်ဘက်မှာတော့ လေစုပ်ပေါက် တွေနဲ့တစ်တန်းတည်းအနေအထား Fog Lamps တွေပါဝင်ပါတယ်။ ရှေ့ဘောနက်နဲ့ ဘော်ဒီ တည်ဆောက်ပုံက စပေါ့နဲ့ Aerodynamic ဖြစ်အောင်တည်ဆောက်ထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ နောက်ဘက်မှာလည်း မီးခွက်ပုံစံ အနည်းငယ်ပြောင်းလဲသွားပြီး စပေါ့ပုံစံ ပိုဖြစ်အောင် Dual Exhaust ကိုသုံးစွဲထားပါတယ်။ ပြီးတော့ဒီစမ်းသပ်မောင်းနှင်ခဲ့တဲ့ ကားက လည်း လူကြိုက်အများဆုံးနဲ့ Mazda ရဲ့အလန်းဆုံး Color ဖြစ်တဲ့ (Soul Red Crystal Metallic) ဖြစ်နေပါတယ်။ ဒီကားကို ပိုပြီးစပေါ့ဆန်သွားစေတာက spoiler တွေပါလာတာနဲ့ ၁၉ လက်မအလွိုင်းဝှီးတွေကို သုံးထားတာပဲဖြစ်ပါတယ်။

အတွင်းခန်း

စတီယာရင်ပိုင်းကနေစပြောကြည့်ရအောင်ပါနော်။ Hand Made နဲ့ချုပ်ထားတဲ့လည်သာစတီယာရင်တွေက အရည်အသွေးတစ်ခု ကိုဖော်ပြတာဖြစ်ပြီး ဒီစတီယာရင်မှာပဲ Audio , Cruise Control,ရှေ့ဒိုင်ခွက်က Mode တွေကိုပြောင်းလဲဖို့နဲ့ Bluetooth hand free ဖုန်းပြောဆိုမှုတွေကို ထိန်းချုပ်ညွှန်ကြားဖို့ ခလုတ်တွေပါဝင်ပါတယ်။ နောက်တစ်ထူးခြားချက်က အရင်မော်ဒယ်မှာမပါတဲ့ Head up display ဖြစ်ပါတယ်။ဒါက ကိုယ့်ရှေ့မှန်ပေါ်မှာမောင်းနှင်နေတဲ့ ကီလိုကိုဖော်ပြပေးမှာဖြစ်ပြီး ဒိုင်ခွက်ကိုငုံ့ကြည့်စရာမလိုတော့ပါဘူး။ ဒိုင်ခွက်မှာလည်း ကီလိုတွေ၊ပြင်ပအပူချိန်၊ဆီလက်ကျန်နဲ့မောင်းလို့ရမယ့်ကီလိုစတဲ့အချက်အလက်တွေကိုဖော်ပြပေးထားပါတယ်။ ပြီး တော့ 7 inch Full Colour Touch Screen ပေါ်မှာ Audio တွေ၊ လမ်းကြောင်းပြစနစ်တွေ၊ဖုန်းခေါ်ဆိုမှုတွေ၊ အခြား Setting တွေကို ပြောင်းလဲလို့ရပါသေးတယ်။ ထိုင်ခုံတွေအားလုံးကလည်း လည်သာထိုင်ခုံတွေချည်းပဲဖြစ်ပြီး ရှေ့Driver နဲ့ Passenger ခုံတွေကို မော်တာစနစ်သုံးကာ လိုသလိုချိန်ညှိနိုင်သလို Memory 2 မျိုးနဲ့လည်းမှတ်သားထားလို့ရပါသေးတယ်။ နောက်တစ်ခုက ပါဝင်မှုအသစ် အနေနဲ့ ဂီယာအနားမှာပါတဲ့ Mazda Command Control ဖြစ်ပြီး Computer တွေသုံးရသလိုမျိုးပဲ Touch Screen ပေါ်ကအရာတွေကို ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။ နောက်တစ်ခုက Dual Aircon ပါဝင်ပြီး ဇုန် ၃ ဇုန်ကိုအအေးဓါတ်ဖြန့်ကျက်ပေးနိုင်ပါတယ်။ ပြီးတော့ လည်သာနဲ့ချုပ်ထားတဲ့ ဒတ်ရှ်ဘုတ်ပါဝင်ပြီး အလယ်မှာကျွန်းကွက်တွေနဲ့အလှဆင်ထားပါသေးတယ်။ Entertainment အဖြစ်တော့ DVD,CD ပါဝင်တဲ့အပြင် အရင်မော်ဒယ်ဟောင်းမှာမပါတဲ့ Bose System Speaker 12 လုံးပါဝင်ပါတယ်။ နောက်ပြီး Push Button Start ၊ 12-volt power outlets ၊ Sunroof ၊ Power liftgate ၊ နောက်ခုံတန်းမှာ လိုသလိုခေါက်နိုင်၊သိမ်းနိုင်တဲ့ Cup Holder နဲ့ လက်တင်ခုံပါဝင်တာပဲဖြစ်ပါတယ်။ နောက်ဘက်ဝန်တင်ခန်းမှာလည်း ကျယ်ဝန်းမှုကိုတွေ့ရပြီး Cargo Cover ပါဝင်တာကိုတွေ့ရ ပါတယ်။

စွမ်းဆောင်ရည်

Mazda CX-5 အသစ်မှာ SKYACTIV G 2.0 L 4 Cylinders 16 valves အင်ဂျင်ကို Petrol စနစ်နဲ့တွဲဖက်ထားကာ Sport ဆန်သွား စေဖို့ရာ 6 speed Semi Auto Transmission ကိုတပ်ဆင်ပေးထားပါတယ်။ မြင်းကောင်ရေ 155HP@6000RPM ထွက်ရှိပြီး အမြန်ဆုံးမောင်းနှင်နိုင်မှုအနေနဲ့ ၁နာရီကို ၂၁၂ ကီလိုမီတာရောက်ရှိနိုင်တာပဲဖြစ်ပါတယ်။ နောက်ပြီး SKYACTIV-VEHICLE DYNAMICS with G-Vectoring Control စနစ်ပါဝင်ခြင်းဖြစ်ပါတယ်။ ဒီစနစ်က ဆီစားနှုန်းသက်သာခြင်း၊ စွမ်းဆောင်ရည်မြင့် မားခြင်းနဲ့Emission ထုတ်လွှတ်မှုလျော့နည်းစေခြင်း စတဲ့အားသာချက်တွေကို ရရှိစေမှာဖြစ်သလို Drive feeling ကိုလည်း အပြည့် အဝရရှိစေမှာဖြစ်ပါတယ်။ နောက်ပြီး Suspension ကလည်း ရှေ့ကို MacPherson strut with stabilizer bar နဲ့နောက်ကို Multilink with stabilizer bar ကိုသုံးထားပါတယ်။

လုံခြုံရေး

လုံခြုံရေးစနစ်အနေနဲ့ ရှေ့ Driver ,Passenger အတွက်အပါအဝင် ဘေးနှစ်ဖက်၊ပြတင်းပေါက်နှစ်ဖက် စုစုပေါင်းလေအိတ် ၆ လုံး တပ်ဆင်ပေးထားပါတယ်။ Anti-lock Brake System with Electronic Brake force Distribution & Brake Assist, Electronic Brake Distribution (EBD),Electronic , Security Alarm , Electronic Parking Brake(EPB), Stability Control , Traction Control System (TCS), Lane Departure Warning System (LDW) , Immobilizer, Smart City Brake တို့ လိုပြည့်စုံတဲ့ စနစ်တွေသာမကဘဲ Traffic များတဲ့မြို့တွင်းလမ်းတွေမှာမောင်းရင်း မီးပွိုင့်မိနေတဲ့အခြေအနေမျိုးတွေမှာ ဘရိတ်နင်း စရာမလို အောင်ပြုလုပ်ပေးထားတဲ့ Auto Hold စနစ်လိုပါဝင်မှုအသစ်ကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ရှေ့နောက် Parking Sensors တွေပါဝင်ပြီး Back Camera လည်းပါပါသေးတယ်။ AWD မောင်းနှင်မှုစနစ်ဖြစ်လို့လည်း ဘီးတွေရဲ့ ထိန်းချုပ်နိုင်မှုအား ပိုကောင်းပြီး Off Road တွေအတွက်အဆင်ပြေစေနိုင်ပါတယ်။

စမ်းသပ်မောင်းနှင်မှု

 

စပြီးစက်နှိုးထွက်ခွာကတည်းက SUV လည်းဖြစ်၊Petrol အင်ဂျင်လည်းဖြစ်တော့ အထနှေးတာမျိုးမတွေ့ရပါဘူး။ တော်တော်ကြီးကြီး Compact တစ်စီးဖြစ်ပေမယ့် စတီယာရင်စနစ်က တော်တော်ကိုင်တွယ်ရကောင်းတယ်။ Semi Auto 6-speed ဆိုတော့ Auto ,Manual ပုံစံ ၂ မျိုးမောင်းနိုင်တယ်။ Sport ဆန်စေချင်တဲ့သဘောပါပဲ။ မောင်းနေရင်းနဲ့ အသစ်ပါဝင်လာတဲ့ Head up Display စနစ် စမ်းကြည့်တယ်။ ရှင်းရှင်းလင်းလင်းနဲ့ကိုယ့်အရှိန်ကိုချက်ချင်းသိနိုင်တယ်။ နောက်ပြီး CX-5 ရဲ့အသစ်ပါဝင်မှုဖြစ်တဲ့ Sport Mode ကို ပြောင်းလဲမောင်းကြည့်တော့တော်တော်လေးကို မောင်းရတာမြန်ဆန်သွားတယ်။ rpm အတက်မြန်အောင်လုပ်ပြီး လီဗာခပ်ဖွဖွ လေးနင်းရုံနဲ့ ၈၀ ၊ ၁၀၀ သာသာလေးပြေးသွားတယ်။ ချိုင့်တစ်ချို့ကိုလည်း အားမနာတမ်းမောင်းကြည့်တယ်။ အောက်ပိုင်းစနစ်ရဲ့ မာကျောမှုနဲ့ ငြိမ့်ညောင်းမှုကို တစ်ပြိုင်တည်းခံစားခဲ့ရပါတယ်။ AWD စနစ်သုံးထားတာဆိုတော့လည်း ဘရိတ်စနစ်တွေ၊ တည်ငြိမ် မှုတွေက တော်တော်လေးကောင်းတယ်။ အရှိန်လျှော့တာတွေ၊အရှိန်မြှင့်တာတွေကလည်း စိတ်နဲ့တစ်ထပ်တည်းကျအောင် ကားက စွမ်းဆောင်နေသလိုပါပဲ။ မောင်းရတာနဲ့ ထိန်းချုပ်ရတာကိုအရမ်းစိတ်တိုင်းကျဖြစ်မိပါတယ်။

စျေးနှုန်းနဲ့သုံးသပ်ချက်

Mazda CX-5 new model ကပြည့်စုံတဲ့ SUV ကားမျိုးပါ ။ဒါပေမဲ့ စာရေးသူအမြင်ကတော့ Tire Pressure Monitoring ကိုထည့် လိုက်ပြီး Sunroof က Panoramic ဖြစ်သွားရင်တော်တော်လေးကောင်းမွန်တဲ့ ကားတစ်စီးဖြစ်သွားနိုင်ပါတယ်။ မောင်းနှင်မှုပိုင်း၊ စီးနင်းရမှုနဲ့ လုံခြုံမှုတွေမှာအပြစ်ပြောစရာမရှိအောင်ကိုအဆင်ပြေတဲ့အတွက် မြို့တွင်းရော၊ဟိုင်းဝေးရော၊ပြီးတော့ စပေါ့ကြိုက် တဲ့လူငယ်တွေအတွက်ပါ အရမ်းသင့်တော်ပါတယ်။စျေးကတော့ အမေရိကန်ဒေါ်လာ 69,000 ဖြစ်ပြီး Mazda ရဲ့ KODO ဝိဉာဉ် တွေစီးဝင်နေတဲ့ Mazda CX-5 (The Next Generation) အကြောင်းကို တင်ပြအပ်ပါတယ်ခင်ဗျာ။

 

YANGON: No. 44, Pyay Road, 7 ½ Miles, Mayangone Township, Yangon

01 967 0286

MANDALAY: No. (40), 35th Street, Between 55th & 56th Street, Kan Kauk Ward, Chanayetharzan Township, Mandalay

09 9773 888 29, 09 456 1111 08